ရန်ကုန်ဆောက်လုပ်ရေးပစ္စည်းဈေးကွက်တွင် ဘိလပ်မြေ ဈေးနှုန်းများ မြင့်တက်လာ

Myawaddy 17 Jun 2019

ရန်ကုန်ဆောက်လုပ်ရေးပစ္စည်းဈေးကွက်တွင် ဘိလပ်မြေ ဈေးနှုန်းများ မြင့်တက်လာ

 

ရန်ကုန်ဆောက်လုပ်ရေးပစ္စည်းဈေးကွက်တွင် ဘိလပ်မြေဈေးနှုန်းများ မြင့်တက်လာကြောင်း ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး ဆိုင်များမှ သိရသည်။

အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များအနေဖြင့် ဘိလပ်မြေများကို ထိုင်းနိုင်ငံဘက်မှ တင်သွင်းရောင်းချနေခြင်းဖြစ်ပြီး လက်ရှိတွင် ရာသီဥတုအခြေအနေကြောင့် ဘိလပ်မြေတင်ဆောင်သည့် သငေ်္ဘာအဝင်နည်းနေကာ ဈေးနှုန်းအနည်းငယ်မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

''ဈေးနှုန်းကတော့ ပစ္စည်းအဝင်နည်းလာရင်ငွေကျပ် ၁ဝဝ၊ ၂ဝဝ လောက် ဈေးတက်တယ်။ ဘိလပ်မြေက သငေ်္ဘာအဝင်နည်းလာတာကြောင့် ဈေးနည်းနည်း တက်နေတယ်'' ဟု အုတ်၊  သဲ၊  ကျောက်ရောင်းဝယ်ရေးသူတစ်ဦးက ပြောသည်။

လက်ရှိတွင် မိုးရွာသွန်းမှုများနေခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားထားခြင်းဖြစ်၍ အရောင်းအဝယ်များ အေးနေခြင်းဖြစ်သည်။

ယခင်က ဘိလပ်မြေတစ်အိတ်လျှင် ငွေကျပ် ၅၅ဝဝ ရှိရာမှ လက်ရှိတွင် ငွေကျပ် ၅၉ဝဝ၊ ငွေကျပ် ၆၅ဝဝ အထိရှိနေကြောင်း သိရသည်။

''ပို့နေကျဆောက်လုပ်ရေးလုပ်ငန်းတွေရှိနေလို့ ပုံမှန်အရောင်းအဝယ်တော့ ရှိနေတယ်။ အိမ်မှာ အသေးစားပြင်ဖို့လောက်ပဲ လာဝယ်တာများတယ်''ဟု ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ  ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်များသည် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သည့် ကန်ထရိုက်တာများ၏ အဆောက်အအုံ ရောင်းထွက်သည့်အပေါ်အားထားပြီး အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရသည်။

Posted By  : Seint Yupar Zaw (www.findpropertymm.com)

 Ref & Photo Credit  : Myawaddy  June 13 2019