လုပ်ကိုင်ခွင့်ရ ကုမ္ပဏီက နောက်ဆုတ်ခဲ့သဖြင့် တင်ဒါပြန်လည်ခေါ်ယူမည့် ကော့သောင်းလေဆိပ်

Eleven Media Group 17 Jun 2019

ပြည်တွင်းလေဆိပ်တစ်ခုဖြစ်သည့် ကော့သောင်းလေဆိပ်အား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်ရ Golden Myanmar Airlines Public ကုမ္ပဏီမှ လေဆိပ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လိုခြင်းမရှိတော့သဖြင့် နောက်ဆုတ်သွားခဲ့သဖြင့်

တင်ဒါပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

“ တင်ဒါအောင်ထားပြီးဖြစ်တဲ့ Golden Myanmar Airlines Public ကုမ္ပဏီက နောက်ဆုတ်သွားတော့ re-tender ပြန်ခေါ်မှာပေါ့။ တင်ဒါပြန်ခေါ်တဲ့အခါမှာ အချို့အချက်တွေကို ပြန်ပြင်ဖို့ရှိတယ်။ ဘယ်အချက်တွေက ကုမ္ပဏီအနေနဲ့ မလုပ်နိုင်တာလည်းပေါ့။ ကျန်တဲ့ ကုမ္ပဏီနှစ်ခုကတော့ စာချုပ်ချုပ်ဖို့ပဲ ကျန်တာဖြစ်လို့ စာချုပ်ချုပ်ဖို့အတွက် ဆက်လုပ်သွားမယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

ဟဲဟိုး ၊ ကော့သောင်း နှင့်  မော်လမြိုင် ပြည်တွင်းလေဆိပ်သုံးခုအား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ပြီး နောက်ဆုံးအဆင့် တင်ဒါအား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယင်းလေဆိပ်သုံးခုအား အဆင့်မြှင့်တင်ရာတွင် ပထမအဆင့်၌ ဟဲဟိုးလေဆိပ်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၊ ကော့သောင်းလေဆိပ်အတွက် အမေရိကန်ဒေါ်လာ ၃၆ သန်းနှင့် မော်လမြိုင်လေဆိပ်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

“ပြည်တွင်းလေဆိပ်သုံးခုကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်း လုပ်ကိုင်ဖို့ တင်ဒါရွေးချယ်ထားတဲ့ ကုမ္ပဏီသုံးခုထဲက ကော့သောင်းလေဆိပ်ကို လုပ်ကိုင်ခွင့်ရတဲ့ Golden Myanmar Airlines Public ကုမ္ပဏီက နောက်ဆုတ်သွားခဲ့ပါတယ်” ဟု လေကြောင်း ပို့ဆောင်ရေးညွှန်ကြားညွှန် ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။

လက်ရှိတွင် အဆိုပါပြည်တွင်းလေဆိပ်သုံးခုအားပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စိတ်ဝင်စားသည့် ပြည်တွင်း ပြည်ပ ကုမ္ပဏီများအား အကြိုအရည်အသွေးစစ်ဆေးခြင်း၊Request for Proposal အား ထုတ်ပြန်ပြီး တင်ဒါခေါ်ယူခြင်းနှင့် နောက်ဆုံးအဆင့် တင်ဒါရွေးချယ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“နောက်ဆုတ်ခဲ့တာတော့ မှန်ပါတယ်။ ဧပြီမတိုင်ခင်တည်းက မလုပ်တော့ဘူး။ နောက်ဆုတ်တယ်ဆိုတာ စာတင်ထားပြီးသားပါ” ဟု Golden Myanmar Airlines ၏ စီအီးအို ဦးကျော်ငြိမ်းက ဆိုသည်။

ပြည်တွင်းလေဆိပ်များအား အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းပါဝင်သည့် Public, Private, Partnership (PPP) စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားသည့် ကုမ္ပဏီများအား နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ကြော်ငြာခေါ်ယူခဲ့သည်။

ဟဲဟိုး၊ ကော့သောင်းနှင့် မော်လမြိုင် ပြည်တွင်းလေဆိပ်သုံးခုအား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ပထမအဆင့်အနေဖြင့် Expression of Interest (EOI) ခေါ်ယူရာတွင် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအနေဖြင့် ဟဲဟိုးလေဆိပ်အား ကုမ္ပဏီ ၆၃ ခု၊ မော်လမြိုင်လေဆိပ်ကို ကုမ္ပဏီ ၄၇ ခုနှင့် ကော့သောင်းလေဆိပ်အား ကုမ္ပဏီ ၅၀ မှ (EOI_ Document အား ဝယ်ယူခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ပြည်တွင်းလေဆိပ်များအား PPP စနစ်ဖြင့်ဆောင်ရွက်ရခြင်းမှာ ICAO Standard အရ Regulator ၏ Service Provider ကဏ္႑များခွဲထုတ်ကာ Regulator ၏ တာဝန်ဝတ္တရားအရ မြန်မာနိုင်ငံ၏ Transport Master Plan ရေးဆွဲပြီး Service Provider အပိုင်းဖြစ်သည့် လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများအား ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားလိုသည့်အတွက်ဖြစ်ကြောင်း သိရသည်။

 

Posted By  : Seint Yupar Zaw (www.findpropertymm.com)

 Ref & Photo Credit  : Eleven Media Group  June 17 2019