အိမ်ရာစီမံကိန်းလုပ်ငန်းနှစ်ခုကို ရခိုင်ပြည်နယ်မှာ စတင်အကောင်အထည်ဖော်

Myanmar Times 20 Jun 2019

အိမ်ရာစီမံကိန်းလုပ်ငန်းနှစ်ခုကို ရခိုင်ပြည်နယ်မှာ စတင်အကောင်အထည်ဖော်

ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများအနက် အိမ်ရာစီမံကိန်းလုပ်ငန်းနှစ်ခု စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ အခု MoU ထိုးထားတဲ့ ကုမ္ပဏီတွေကတော့ စတင်နေပြီ။ သူတို့ရဲ့အခက်အခဲတွေကိုလည်း ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုကော်မတီက ပေါင်းစပ်ပံ့ပိုးနေတာတွေရှိပါတယ်။ MoU ထိုးထားတဲ့ကုမ္ပဏီနှစ်ခုကတော့ အကောင်အထည်ဖော်ဖို့စတင်နေပြီ။ လုပ်ငန်းတွေကတော့ အိမ်ရာစီမံကိန်းလုပ်ငန်းတွေပါ။ ရင်းနှီးမြှုပ်နှံမှုကော်မတီကလည်း လိုအပ်တာတွေကို ပေါင်းစပ်ညှိနှိုင်းပေးနေတယ်” ဟု ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထူးမင်းသိန်းက ဇွန် ၁၅ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ပြောဆိုသည်။

ရခိုင်ပြည်နယ် ငပလီကမ်းခြေရှိ Jasmine Ngapali Resort ဟိုတယ်တွင် ဖေဖော်ဝါရီ ၂၂ ရက်ကပြုလုပ်ခဲ့သည် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲအပြီးတွင် ဒေသတွင်းလုပ်ငန်းရှင်များနှင့် ပြပွဲတက်ရောက်သော ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများ (B to B) ချိတ်ဆက်ကာ ရင်းနှီးမြှုပ်နှံမူလုပ်ရန် စိတ်ဝင်စားကြောင်း ဖော်ပြသည့်အဆင့် Expression of Interest (EOI) လက်မှတ်ရေးထိုးမှု ၃၀ ခုရှိပြီး အမေရိကန်ဒေါ်လာ ၅၂၄၉ ဒသမ ၃၇ သန်းအထိ ရင်းနှီးမြှုပ်နှံလာမည်ဟုမျှော်မှန်းထားခဲ့သည်။

အဆိုပါ ကုမ္ပဏီ ၃၀ အား လုပ်ငန်းများဆောင်ရွက်နိုင်ရေး ဆက်လက်ဆွေးနွေးရန်ဖိတ်ကြားခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် ကုမ္ပဏီ ၂၀ ကျော်သာတက်ရောက်နိုင်ခဲ့ပြီး နားလည်မှုစာချွန်လွှာရေးထိုးနိုင်ရေး ဧပြီ ၆ ရက်တွင် ရခိုင်ပြည်နယ်အစိုးရရုံး၌ဆွေးနွေးခဲ့ကြပြီး နောက်ပိုင်းတွေ့ဆုံမှုများတွင် ကုမ္ပဏီတစ်ခုချင်းစီအလိုက်သာလက်ခံဆွေးနွေးသွားမည်ဖြစ် ပြီး အဆိုပါ ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအားလုံးအနေဖြင့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ဥပဒေအရ ၇ နှစ်ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။

“ ကျန်တဲ့ကုမ္ပဏီတွေကလည်း သူတို့ဖက်ကပြင်ဆင်နေတဲ့အပိုင်းတွေရှိတယ်။ မြေယာအခြားနည်းအသုံးပြုခွင့် တို့ ကုမ္ပဏီတွေကအများကြီးဆိုတော့ တစ်ခုနဲ့တစ်ခု လိုအပ်ချက်တော့မတူနိုင်ကြဘူး။ အဓိကအားဖြင့်တော့ သူတို့ လုပ်ငန်းစနိုင်ဖို့ မြေကိစ္စလေးတွေပြီးရင် လုပ်ငန်းစနိုင်ပါပြီ။အစိုးရကိုတင်ပြလာသမျှကိုတော့ ကျွန်တော် တို့က ပေါင်းစပ်ညှိနှိုင်းပေးပါတယ်” ဟု ဒေါက်တာထူးမင်းသိန်းက ဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေး ၊မွေးမြူရေး ဟိုတယ်ကဏ္႑နှင့် အိမ်ရာတည်ဆောက်ရေးကဏ္႑တို့တွင် ချိတ်ဆက်ဆောင်ရွက်ရန် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများနှင့် ဒေသတွင်းကုမ္ပဏီများအကြား (EOI) လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းသို့လက်မှတ်ရေးထိုးပြီးသော်လည်း လက်တွေ့ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရာတွင် ပရောဂျက်အဆိုပြုလွှာများကို အသေးစိတ်ပြန်လည်ရေးဆွဲခြင်း၊ ရေးဆွဲထားသည့် ပရိပိုဆယ်များကို အစိုးရသို့ပြန်လည်တင်ပြခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံသို့ခွင့်ပြုမိန့် တင်ခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။

Posted By  : Seint Yupar Zaw (www.findpropertymm.com)

 Ref & Photo Credit  : Myanmar Times  June 19 2019