ယခုနှစ် ထားဝယ်-ထီးခီးလမ်းမပျက်စီးနိုင်တော့ဟု ခရိုင်လမ်းဦးစီးမှူး အာမခံ

The Voice Daily 24 Jun 2019

ယခုနှစ် ထားဝယ်-ထီးခီးလမ်းမပျက်စီးနိုင်တော့ဟု ခရိုင်လမ်းဦးစီးမှူး အာမခံ

ထားဝယ်မြို့မှ ထိုင်းနိုင်ငံနယ်စပ် ထီးခီသို့ ဆက်သွယ်ထားသည့်လမ်းတွင် ပျက်စီးနေသည့်အပိုင်းကို ပြုပြင်ပြီးဖြစ်သည့်အတွက် ယခုနှစ်မိုးရာသီတွင် လမ်းမပျက်နိုင်တော့ကြောင်း လမ်းဦးစီးဌာန ထားဝယ်ခရိုင်ဦးစီးမှူး ဦးနေအောင်ထူးက ပြောသည်။

ယမန်နှစ်မိုးရာသီက ဆိုးရွားစွာ ပျက်စီးခဲ့သည့် မေတ္တာမြို့နှင့် ငါးရံ့နီစခန်းအကြားရှိ ထီးခီးလမ်းပိုင်းကို ကျောက်ရောသည့်မြေ ခင်းထားပြီးဖြစ်သည့်အတွက် ယခင်ကဲ့သို့ မပျက်စီးနိုင်တော့ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော် အာမခံတယ်၊ ဗွက်နစ်တယ်ဆိုတာ ဖြစ်ဖို့ သိပ်ခက်ပါတယ်၊ မြေကြီး အရမ်းပျော့တဲ့နေရာတွေမှာ သေသေချာချာ ပြင်ပြီးတော့ လုပ်ထားပြီးသား”ဟု ဦးနေအောင်ထူးက ပြောသည်။

အဆိုပါလမ်းကို ယခုနှစ်မိုးရာသီတွင် လွယ်ကူချောမွေ့စွာ သွားလာနိုင်ရန် ပျက်စီးနေသည့်နေရာများကို ၂၀၁၈-၁၉ ဘဏ္႑ာရေးနှစ် ပြည်ထောင်စု အထူးပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေ ကျပ်သိန်း ၂၁၀၀ နှင့် တိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေ ကျပ် ၁၀၈၇ သိန်း စုစုပေါင်း ရန်ပုံငွေ ကျပ် ၃၁၈၇ သိန်းသုံးစွဲကာ ပြုပြင်ထိန်းသိမ်းနေကြောင်း ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးက ပြောဆိုထားသည်။

လမ်းပြုပြင်ခြင်းလုပ်ငန်းကို ယခုနှစ်ဆန်းပိုင်းတွင် စတင်လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် လျာထားဘတ်ဂျက်၏ ၈၀ ရာခိုင်နှုန်းခန့်ကို လုပ်ဆောင်ပြီးဖြစ်ကြောင်း ဦးနေအောင်ထူးက ဆိုသည်။

လက်ရှိပြုပြင်ပြီးနေရာမဟုတ်ဘဲ လမ်းပိုင်းရှိ အခြားနေရာတစ်ခုတွင် ပျက်စီးမှုဖြစ်ပေါ်လာပါက ပြုပြင်ရန် အဆင်သင့်ပြင်ထားကြောင်း ၎င်းက ပြောသည်။

အဆိုပါလမ်းပိုင်းတွင် မေတ္တာမြို့မှ ငါးရံ့နီစခန်းအနီးအထိသာ ပျက်စီးမှုများပြီး အခြားနေရာတွင် ပျက်စီးမှုမရှိသလောက် နည်းကြောင်း ဦးနေအောင်ထူးက ဆိုသည်။

အထက်ပါလမ်းပိုင်းရှိ ရင်ကွဲတောင်(ဆင်ငိုတောင်)တွင် လမ်းချောနေသည့်အတွက် စေတနာရှင်များ စုပေါင်းထည့်၀င်ကာ ယခုလအတွင်း ပြုပြင်ခဲ့ကြသေးသည်။

လက်ရှိတွင် လမ်းဦးစီးဌာနက လမ်းပြုပြင်လိုက်သည့်အတွက် လမ်းပျက်စီးနေသည့်နေရာ မရှိသလောက်နည်းသွားကြောင်း ထီးခီသို့ အမြဲတမ်းသွားလာနေသည့် အမျိုးသားတစ်ဦးက ဆိုသည်။

“အခုလက်ရှိကတော့ သူတို့ (လမ်းဦးစီး) က လမ်းပျက်နေပြီ ချော်နေပြီဆို ချက်ချင်းလာကြည့်တယ်၊ နောက်တစ်ရက်ဆို ချက်ချင်းလာလုပ်တယ်”ဟု အထက်ပါအမျိုးသားက ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန်မှ ထီးခီးနယ်စပ်အထိ ၁၅၆ ကီလိုမီတာ အရှည်ရှိသည်။

 

Posted By  : Seint Yupar Zaw (www.findpropertymm.com)

 Ref & Photo Credit  : The Voice Daily & Myanmar Builder Guide 23 June 22 2019