ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးကဏ္႑ဖွံ့ဖြိုးတိုးတက်စေရေး ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိ

Myawaddy 03 Jul 2019

ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးကဏ္႑ဖွံ့ဖြိုးတိုးတက်စေရေး ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေး ကဏ္႑တိုးတက်လာစေရေးအတွက် မြို့တွင်းပတ်လမ်းကို တင်ဒါခေါ်ယူသည့်အဆင့်သို့ ရောက်ရှိပြီး အပြင်ပတ်လမ်းကို နယ်နိမိတ်သတ်မှတ်နိုင်ရန်နှင့် စနစ်တကျပုံဖော်နိုင်ရန် ဦးစားပေးအဆင့်သတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

စီးပွားရေးကဏ္႑ဖွံ့ဖြိုးတိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေးကဏ္႑သည် အရေးပါသည့်အတွက် ဦးစားပေးအဆင့်သတ်မှတ်ဆောင်ရွက်နေရခြင်း ဖြစ်သည်။

မြို့ပတ်ရထားလမ်းများကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်နေပြီး လက်ရှိတွင် နေ့စဉ်လူဦးရေ လေးသောင်းခန့်မှ ရှစ်သောင်းခန့်အထိ သယ်ယူပို့ဆောင်ပေးနိုင်သေးကြောင်း၊ ပုဇွန်တောင်မြို့နယ်၌လည်း ရထားဘူတာရုံနှင့် မော်တော်ယာဉ် ချိတ်ဆက်နိုင်ရန် လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပုဇွန်ထောင်မြို့နယ်၌ ပုဇွန်တောင်ဈေး၊ကားလမ်း၊ ရထားလမ်း၊ ပုဇွန်တောင်ချောင်းရှိသဖြင့် ကားလမ်း၊ ရထားလမ်း၊ ရေလမ်းတို့ကို ချိတ်ဆက်နိုင်မည့်နေရာ ဖြစ်သည့်အတွက် လေ့လာခြင်းဖြစ်ကြောင်း၊ ထို့ပြင်ကြည့်မြင်တိုင် မြို့နယ်ကိုလည်း အလားတူလေ့လာမှု ပြုလုပ်လျက်ရှိကြောင်း၊ သယ်ယူပို့ဆောင်ရေးကဏ္႑ တိုးတက်လာပါက တခြားသော ကဏ္႑များလည်း တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၏ လက်ရှိစီးပွားရေးကဏ္႑များ နှေးကွေးနေခြင်းသည် သယ်ယူပို့ဆောင်ရေးကဏ္႑ အားနည်းနေခြင်းကြောင့် ဖြစ်ပြီးယင်းအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင်းပတ်လမ်းနှင့် အပြင်ပတ်လမ်း၊ မိုးပျံရထားလမ်း စီမံကိန်းနှင့် မိုးပျံအမြန်လမ်းများကို ဖော်ဆောင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

 

Ref & Photo Credit : Myanmar Builder Guide

Posted By : Seint Yupar Zaw (www.findpropertymm.com)