ယုဇနတန်ဖိုးနည်းအိမ်ရာများ၌ ဖြစ်ပေါ်နေသော အခက်အခဲများကို တာဝန်ယူဖြေရှင်းပေးတော့မည်

Myawaddy 05 Jul 2019

ယုဇနတန်ဖိုးနည်းအိမ်ရာများ၌ ဖြစ်ပေါ်နေသော အခက်အခဲများကို တာဝန်ယူဖြေရှင်းပေးတော့မည်

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)နှင့် အပိုင်း(၂)တွင် လက်ရှိအခက်အခဲများနှင့် ပတ်သက်၍ တာဝန်ယူ ဖြေရှင်းပေးမည် ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာများကို ဒုတိယအသုတ်အနေဖြင့် ရောင်းချပေးခြင်း ဖြစ်ပြီး တိုက်ခန်းများ၌ မိလ္လာပိုက်များနှင့် ရေပိုက်လိုင်းများ ကောင်းမွန်ခြင်းမရှိသောကြောင့် အိမ်ရာရရှိ နေထိုင်သူများ အခက်အခဲ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ယင်းအခြေအနေများကို မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် တာဝန်ယူ ဖြေရှင်းပေးမည်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် မိလ္လာပိုက်လိုင်းများမှာ အပေါ်သို့ လျှံတက်နေခြင်း ဖြစ်ကြောင်း၊ ရောင်းချပြီးသော တန်ဖိုးနည်းတိုက်ခန်းများရှိ နေထိုင်သူများ၏ အဆင်မပြေမှုများကို ပြန်လည်စိစစ်ပေးမည်ဖြစ်ပြီး လိုအပ်သည် များကိုလည်း ပြန်လည်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

'တိုက်ခန်းမှာ နေထိုင်သူတွေပြောတဲ့ အခက်အခဲတွေကို ကျွန်မတို့အနေနဲ့ ဖြေရှင်းပေးမှာပါ။ တာဝန်လည်း ရှိပါတယ်။ အခက်အခဲတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေမျိုးပါ။ တိုက်ခန်းအားလုံးမှာ ဖြစ်ပေါ်နေတာတော့ မဟုတ်ပါဘူး။ တိုက်ခန်းတချို့မှာ မိလ္လာပြဿနာနဲ့ ရေပိုက်ပြဿနာရှိနေတာပါ။ ဌာနအနေနဲ့ ရောင်းချထားတဲ့ အခန်းတွေမှာ ဒီလိုအဖြစ်မခံပါဘူး။ အခုလည်း စိစစ်နေပါပြီ။ ကျန်တဲ့တိုက်ခန်းတွေကိုလည်း ဆက်လက်ရောင်းချပေးမှာပါ။ လောလောဆယ်တော့ ရောင်းချမယ့်ရက်ကို မပြောနိုင်သေးပါဘူး။ ရောင်းချချိန်နီးရင် ထပ်ပြီးကြေညာပေးပါမယ်'' ဟု ဒေါ်မီမီတင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း)မြို့နယ် ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)နှင့် အပိုင်း(၂)၊ လှိုင်သာယာမြို့နယ် ရွေှလင်ပန်းတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)နှင့်အပိုင်း(၂)၊ မြောက်ဥက္ကလာပမြို့နယ် ရွေှပေါက်ကံအိမ်ရာ၊ လှိုင်သာယာမြို့နယ် ကျန်စစ်မင်းတန်ဖိုးနည်း အိမ်ရာနှင့် တန်ဖိုးသင့်အိမ်ရာ တို့ရှိ ဆောက်လုပ်ပြီးစီးသည့် တန်ဖိုးနည်း အိမ်ရာနှင့် တန်ဖိုးသင့်အိမ်ရာများတွင် ချွတ်ယွင်းမှုများ ရှိပါက တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီအနေဖြင့် စာချုပ်ပါ စည်းကမ်းချက်အရ တစ်နှစ်အတွင်း တာဝန်ယူ ဖြေရှင်းပေးရမည်ဟု ပါရှိကာ တစ်နှစ်ထက်ကျော်လွန်ပါက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆက်လက်တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ကြောင်း သိရသည်။

 

Ref & Photo Credit : Myanmar Builder Guide & Myawaddy

Posted By : Seint Yupar Zaw (www.findpropertymm.com)